မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ မိုဘိုင်း အက်ပလီကေးရှင်း နှစ်ခုကို မိတ်ဆက်
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် ကမ္ဘာ့သဘာဝ ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး
ဗဟိုဌာနနှင့် အမေရိကန် ကြက်ခြေနီအသင်းတို့၏ အကူအညီကိုရယူ၍ မိုဘိုင်း
အက်ပလီကေး ရှင်း နှစ်ခုကို ပြည်တွင်း၌ မိတ်ဆက် ပေးနိုင်ခဲ့ကြောင်း သိရသည်။
ရှေးဦးသူနာပြုစုခြင်းနှင့် ပတ်သက်သည့် First Aid ဟူသော
အက်ပလီကေးရှင်းနှင့် ဘေးအန္တရာယ်များအတွက် ကြိုတင်
ပြင်ဆင်ခြင်းနှင့်ပတ်သက်သော Hazard ဟူသော အက်ပလီကေး ရှင်းကို
မြန်မာနိုင်ငံကြက်ခြေနီ အသင်းက မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။ “အရင်ကတော့
အင်္ဂလိပ်၊ စပိန်၊ အာရေဗျ၊ ပြင်သစ် စတဲ့ ဘာသာ လေးမျိုးနဲ့ ရရှိနေခဲ့တာပါ။
မြန်မာဘာသာ အနေနဲ့ကတော့ ဒီနှစ် မှလုပ်ထားတာဖြစ်ပါတယ်။ ငလျှင် ဘေး၊
မုန်တိုင်းဘေးတွေလာရင် ဘယ်လို ကြိုတင်ပြင်ဆင်ရမယ် ဆိုတာကိုလည်း
ထည့်ပေးထားပါတယ်”ဟု မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ ဒေါ်ရွှေ စင်မြင့်က
ပြောသည်။
ပထမအဆင့်အနေဖြင့် အက်ပလီကေးရှင်းများကို Android မိုဘိုင်းဖုန်းများ၌သာ
ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်သော်လည်း အစီအစဉ်များအရ မိုဘိုင်းဖုန်း
အင်တာနက် စနစ်ဖြင့် GPS စနစ် ဖွင့်လှစ်ထားပါက အက်ပလီကေးရှင်း
အသုံးပြုသူရောက်ရှိနေသည့် တည်နေရာ အတွက် သဘာဝဘေးအန္တရာယ် ပေါ်ပေါက်လာမည်
ဆိုပါက အသိပေးခြင်းများ ပြုလုပ်ပေးသွားမည်ဟု သိရ သည်။ အဓိကအားဖြင့်
ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အခါ နည်းလမ်းမှန်ကန်စွာ ပြုစုနိုင်ရန်နှင့်
မလိုလားအပ်သော အသက် ဆုံးရှုံးမှုများ ပေါ်ပေါက်မလာစေရန် ရည်ရွယ်ထားခြင်း
ဖြစ်သည်ဟု အက်ပလီကေးရှင်းများကို အများ ပြည်သူ အသုံးပြုစေခဲ့သည့်
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက သတင်းထုတ်ပြန်ခဲ့သည်။
“ရှေးဦး ပြုစုခြင်းနဲ့ ပတ်သက်ပြီး ခေါင်းစဉ် ၂၁ လောက်ပါပါတယ်။
နောက်ပိုင်းမှာ ထပ်ထည့် ပေးသွားဖို့လည်း ရှိပါတယ်”ဟု ဒေါ်ရွှေစင်မြင့်က
ဆိုသည်။
မိတ်ဆက်ခဲ့သည့် မိုဘိုင်းအက်ပလီကေးရှင်း နှစ်ခုကို Google Play ၌
အခမဲ့ရယူနိုင်ပြီဖြစ်ပြီး မည်သည့် Android မိုဘိုင်းဖုန်းများနှင့်မဆို
အသုံးပြုနိုင်သည်ဟု သိရသည်။ ၁၉၃၇ ခုနှစ်၌ စတင် တည်ထောင်ခဲ့သည့်
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် နှစ်စဉ်ပျမ်းမျှ လူဦးရေ ၅ သိန်းကျော်ကို
လူမှုကရုဏာ အကူအညီများ ပေးအပ်နေကြောင်း သိရသည်။