Android တွဲဖက် တည်ထောင်သူ အန်ဒီရူဘင် Google မှနုတ်ထွက်

Android
အကြီးအကဲဟောင်း ဖြစ်သူအန်ဒီရူဘင်သည် ကုမ္ပဏီ၏ စက်ရုပ်တီထွင်မှု
လုပ်ငန်းတိုးတက် ရေးအတွက် ဦးဆောင်မည်ဟု ပြောကြားခဲ့ပြီး တစ်နှစ်ခန့်
အကြာတွင် Google မှနုတ်ထွက် သွားခဲ့ကြောင်း ကုမ္ပဏီမှ အတည်ပြု
ပြောကြားခဲ့သည်။
ရူဘင်သည် ၂၀၀၃ ခုနှစ်တွင် Android ကို တွဲဖက် တည်ထောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် Google က Android ကို ဝယ်ယူခဲ့ချိန်အထိ အမှုဆောင် အရာရှိချုပ်အဖြစ် တာဝန်ယူခဲ့သည်။ ရူဘင်သည် Google ဝန်ထမ်း ဖြစ်လာချိန်တွင် Linux အခြေခံ Android mobile operating system ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ကို ဦးဆောင်ခဲ့သည်။ အဆိုပါ Android mobile operating sys-tem သည် ယခုအခါတွင် ကမ္ဘာတစ်ဝန်းရှိ စမတ်ဖုန်းများ၌ အသုံးပြုနေသည့် OS အဖြစ် ရပ်တည်နိုင်ခဲ့သည်။
ရူဘင်သည် ၂၀၁၃ ခုနှစ် မတ်လတွင် Android အကြီးအကဲ ရာထူးမှဆင်းခဲ့ရပြီး ထိုအချိန်တွင် Google က ဆွန်ဒါပီချိုင်း၏ ဦးဆောင်မှု အောက်တွင် Android နှင့် Chrome အဖွဲ့များကို ပေါင်းစပ်ထားသည့် ဌာနတစ်ခုအား ဖန်တီးခဲ့သည်။
Google မှရူဘင် ထွက်ခွာခဲ့ခြင်းသည် နည်းပညာ hardware ထုတ်ကုန်များ တည်ဆောက်သည့် ကုမ္ပဏီငယ်များကို ပျိုးထောင်ပေးသူအဖြစ် စတင်ဆောင်ရွက်ရန်အတွက် ဖြစ်ကြောင်း Wall Street Journal မှဖော်ပြခဲ့သည်။
ကုမ္ပဏီမှ ရူဘင်ထွက်ခွာ သွားပြီးနောက် Google အမှုဆောင် အရာရှိချုပ် လယ်ရီပေ့ခ်ျက မိမိအနေဖြင့် အန်ဒီကို အကောင်းဆုံးသော အရာများနှင့် ကြုံတွေ့ပါစေရန် ဆုတောင်းလိုကြောင်း၊ ၎င်းဖန်တီးခဲ့သည့် Android သည် အံ့သြဖွယ်ရာ အရာတစ်ခုဖြစ်ပြီး လူသားဘီလီယံ ပေါင်းများစွာကို ပျော်ရွှင်စေနိုင်ခဲ့ကြောင်း ထုတ်ပြန်ပြောကြား ခဲ့သည်။
-နောင်နောင်
Ref: PCMag